The Power of Small Habits (အလေ့အကျင့် အသေးအဖွဲများ၏ စွမ်းပကား)

 

Habit (အလေ့အကျင့်) ဆိုတာ ဘာလဲ

အလေ့အကျင့် Habit ဆိုတာ ကျွန်တော်တို့ဘဝမှာ ထပ်ခါထပ်ခါ ပြုလုပ်ခဲ့လို့ မိမိကိုယ်တိုင်တောင် သေချာ မသိဘဲ အလိုလျောက်ပြုမူမိလာတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ ဥပမာ ခင်ဗျား အိမ်သာထဲကို ဝင်တဲ့အခါ လက်က အလိုလျောက် မီးခလုတ်ကို နှိပ်မယ်။ အိမ်သာတက်ပြီးတဲ့အခါ ရေဆွဲမယ်။ အိမ်သာခွက်ကို ပြန်လှန်လေ့ရှိသူက ပြန်လှန်ထားမယ်၊ လှန်လေ့မရှိသူက အိမ်သာအပြင်ကို ထွက်မယ်။ မီးပိတ်မယ်။ ဒါတွေအားလုံးကို အထူးတလည် အားစိုက်စရာ မလိုဘဲ မသိစိတ်က အလိုလျောက်လုပ်သွားတာ ဖြစ်ပါတယ်။ မိမိအကြိမ်ပေါင်းများစွာ လုပ်ထားပြီး သားအရာမို့ စိတ်က ဒါကို Auto လုပ်ပေးတာဖြစ်ပါတယ်။ အဲဒါကြောင့် အလေ့အကျင့်ဟာ မွေးမြူရခက်သလို အကျင့်ဆိုးတစ်ခုကို ရသွားပြီဆိုရင်လည်း ဖျောက်ရခက်တာ ဖြစ်ပါတယ်။

 

ဥပမာဗျာ ကျွန်တော်တို့ သင်္ဘောတွေမှာဆိုရင် တစ်နေရာက တစ်နေရာကို သွားတဲ့အခါ လမ်းကြောင်းဆွဲပြီး အဲဒီလမ်းကြောင်း အတိုင်း သွားရတယ်။ အဲဒါကိုမှ ကိုယ်က မလိုက်နာဘဲ နည်းနည်းလောက်လေးပါကွာဆိုပြီး ညဘက်ကို 5 degree လောက် စောင်းပြီး မောင်းကြည့်ပါလား။ ကိုယ်သွားမဲ့နေရာမရောက်ဘဲ အဝေးကြီးလွဲသွားလိမ့်မယ်။ 5 degree ဆိုတာ နည်းနည်းလေးပေမဲ့ အချိန်ကြာလာတဲ့အခါမှာ သိသိသာသာကြီးကို ဖြစ်လာလိမ့်မယ်။

ကျွန်တော်တို့က ဘာလို့ Small Habits တွေကို အထင်သေးကြတာလဲ

ဘာလို့လဲဆိုတော့ Small Habits တွေဟာ ချက်ချင်းအစွမ်းမပြကြလို့ပါပဲ။ ဥပမာ တစ်နေ့ကို စာမျက်နှာ ၂၀ စာအုပ်ဖတ်တဲ့ အကျင့်မွေးတယ် ဆိုပါစို့။ စာအုပ်တစ်အုပ်မှာ ပျမ်းမျှအားဖြင့် စာမျက်နှာ ၃၀၀ ရှိတယ်ပဲ ဆိုပါစို့။ တစ်နေ့ကို စာမျက်နှာ ၂၀ပဲ ဖတ်ပေမဲ့ ၁၅ရက်ဆိုရင် တစ်အုပ်ပြီးပြီ။ တစ်လမှာ နှစ်အုပ် ပြီးအောင်ဖတ်နိုင်မှာ ဖြစ်ပါတယ်။ တစ်နှစ်မှာတော့ ၂၄ အုပ်အထိ ဖတ်လို့ ပြီးမှာ ဖြစ်ပါတယ်။ အဲဒီ ၂၄ အုပ်ကြောင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ ဖြစ်ပေါ်လာပြီး ထပ်ဆင့်ကောင်းကျိုးတွေ ခံစားရတာလည်း ရှိလာပါအုံးမယ်။ ဒါတွေအားလုံး ဘယ်ကစလဲဆိုတော့ နေ့စဉ် စာမျက် ၂၀ပဲ ဖတ်ရာကနေ စပါတယ်။ ဒါပေမဲ့ စာမျက်နှာ ၂၀ ပဲ ဖတ်ဖို့ကို လူတွေဟာ သိပ်စိတ်မဝင်စားကြပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့က စာအုပ် တစ်အုပ် အပြည့်ဖတ်မှပဲ စာဖတ်တာ အဓိပ္ပါယ်ရှိတယ်လို့ ထင်ပြီး ၂၀ လောက် ဖတ်တာကို စာဖတ်တယ်လို့ သိပ်မထင်ကြလို့၊ အထင်သေးကြလို့ပါပဲ။ ဒါပေမဲ့ တကယ်တမ်းမှာ အဲဒီအကျင့်လေး မထားမိလို့ တစ်နှစ်တာလုံး တစ်အုပ်မှ စာမဖတ်သူနဲ့ အဲဒီအကျင့်လေးထားမိလို့ တစ်နှစ်တာလုံး အုပ် ၂၀ ကျော် ဖတ်ဖြစ်သွားသူနဲ့ ဘယ်သူက စာပိုဖတ်ဖြစ်သွားလဲ ဆိုတာ အသိသာကြီး ဖြစ်ပါတယ်။

ဝိတ်ချချင်သူတွေ အားကစားလုပ်ချင်သူတွေအတွက်လည်း ဒီသဘောပဲ။ တစ်နေ့ကို ၁၀ မိနစ်လောက်ပဲ အားကစား လုပ်အုံးတော့ ခန္ဓာကိုယ်အပေါ်၊ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ ၁၀ မိနစ်လုပ်တာဟာ ခဏလေးနဲ့တော့ ဘာမှထူးခြားမှု ဖော်ပြမှာ မဟုတ်လို့ လူတွေဟာ အဲဒါကို အကျိုးမရှိဘူးလို့ ထင်လာတတ်ကြတာ ဖြစ်ပါတယ်။ ပိုက်ဆံစုရာမှာလည်း ဒီသဘောပဲ။ တစ်နေ့ကို ပိုက်ဆံ 500 mmk စုရင် ရက်အနည်းငယ်အတွင်းမှာတော့ များပြားတဲ့ ပမာဏ ဖြစ်လာမှာ မဟုတ်ပေမဲ့ တစ်နှစ်ပြည့်တဲ့အခါ 182,500 mmk ကို ရရှိမှာ ဖြစ်ပါတယ်။ ပိုက်ဆံ ၅၀၀ နဲ့ သင်တန်းကောင်း တစ်ခု တက်လို့ မရပေမဲ့ ၂သိန်းနီးပါး ပိုက်ဆံနဲ့ဆိုရင်တော့ သင်တန်းကောင်းတစ်ခု တက်လို့ရမှာ ဖြစ်ပါတယ်။ ဘာမှမစုခဲ့လို့ ပိုက်ဆံတစ်ပြားမှ မရှိရင်တော့ နောက်တစ်နှစ်လည်း ဘာသင်တန်းမှ တက်ခွင့်မရှိဘူးပေါ့။ ဒါက ပိုက်ဆံစုပါလို့ တစ်ထစ်ချ အကြံပေးတဲ့ဟာ မဟုတ်ပါဘူး။ ဥပမာ အနေနဲ့ ပြောတာသာ ဖြစ်ပါတယ်။ ပိုက်ဆံစုတာနဲ့ ပတ်သက်ပြီး နောက်မှ ဆောင်းပါး တစ်ခု ရေးပါအုံးမယ်။

အလေ့အကျင့် တွေ ဘယ်လို ဖြစ်ပေါ်လာလဲ

ဒါဆိုရင် ဒီအလေ့အကျင့်တွေဟာ ဘယ်လို ဖြစ်ပေါ်လာတာလဲ။ Atomic Habits ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားတာလေး တစ်ခုကို ပြန်ပြောပြပါ့မယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ အခြေအနေအသစ်တစ်ခုကို တုံ့ပြန်ရာမှာ Trial & Error နည်းကို သုံးတယ်တဲ့။ စမ်းလိုက်၊ မှားလိုက်၊ ပြန်ပြင်လိုက်လုပ်ခြင်းကို Trial & Error လို့ ခေါ်ပါတယ်။ ၁၉ ရာစုက စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Edword Thorndike က ဒါကို စမ်းသပ်မှုတစ်ခုနဲ့ သက်သေပြခဲ့ပါတယ်။ သူ့ရဲ့ လေ့လာစမ်းသပ်ချက်မှာ သူဟာ ကြောင်တွေကို Black Box တစ်ခုထဲ ထည့်လိုက်တယ်။ ကြောင်တွေကလည်း ဒီ Box ကြီးထဲရောက်သွားတော့ ကြောက်ကြောက်နဲ့ အပြင်ကို ပြန်ထွက်နိုင်ဖို့ ကြိုးစားတော့တာပေါ့။ ပုံးကြီးရဲ့ ထောင့်တွေမှာ နှာခေါင်းရှုံ့ပြီး အနံ့ခံလိုက်၊ ပုံးကြီးရဲ့ နံရံကို လက်သည်းနဲ့ ကုတ်လိုက်၊ နောက်ဆုံးတော့ ကြောင်တွေဟာ လီဗာလေးတစ်ခုကို တွေ့သွားတယ်။ အဲဒါကို နင်းလိုက်ရင် ပုံးရဲ့ တံခါးတစ်ချပ်က ပွင့်သွားရော။ အဲဒီတံခါးကတစ်ဆင့် သူတို့ဟာ ပုံကြီးထဲက လွတ်မြောက်သွားကြရော။ အဲဒီလို လွတ်မြောက်သွားတဲ့ ကြောင်တွေကို Edword Thorndike ဟာ နောက်တစ်ကြိမ် နောက်ထပ် ပုံးတစ်ခုထဲကို ထည့်တယ်။ အဲ့ဒီလို အကြိမ် ၂၀ နဲ့ ၃၀ လောက် ထည့်ပြီး လေ့ကျင့်ပြီးတဲ့အခါမှာ ကြောင်တွေဟာ ခဏလေးနဲ့ ဘယ်လိုထွက်ရမလဲဆိုတာကို သိလာကြတယ်တဲ့။ အရင်တုန်းက တစ်နာရီလောက် ဘယ်လိုထွက်ရမလဲ ရှာဖွေကြပေမဲ့ နောက်ပိုင်းမှာ ၆ စက္ကန့်လောက်နဲ့ ပြန်ထွက်နိုင်ကြတယ်တဲ့။ တစ်နည်းပြောရရင် ဒီပုံးထဲက လွတ်မြောက် အောင်ထွက်ရတာ သူတို့ရဲ့ အလေ့အကျင့်ဖြစ်လာတာပေ့ါ။ Thordike ရဲ့ ရှာဖွေတွေ့ရှိမှုကနေ သိလိုက်ရတာက “ကာယကံရှင်ကို ကျေနပ်ဖွယ်အကျိုးဆက်ပေးနိုင်တဲ့ အပြုအမူတွေကို ကာယကံရှင်တွေဟာ အလေ့အကျင့်တစ်ခု ဖြစ်လာတဲ့အထိ ထပ်ခါထပ်ခါ လုပ်လေ့ရှိကြတယ်တဲ့”။ ကြောင်ဥပမာမှာဆိုရင်တော့ ကာယကံရှင်ဖြစ်တဲ့ ကြောင်တွေအတွက် “ကျေနပ်ဖွယ်အကျိုးဆက်” ဟာ “ပုံးထဲကနေလွတ်မြောက်ခြင်း” ဖြစ်ပါတယ်။

အလေ့အကျင့် တစ်ခုမှာ Cue (အရိပ်နမိတ်)၊ Craving (လိုချင်တပ်မက်မှု)၊ Response (တုန့်ပြန်မှု)၊ Reward (ဆုလာဘ်ပြန်ရရှိမှု) ဆိုပြီး Stage လေးမျိုး ရှိတယ်တဲ့။ ဥပမာ အလုပ်လုပ်ရင်းကနေ အိမ်ငိုက်လာတယ်၊ သို့မဟုတ် ပျင်းလာတယ်၊ ဒါဟာ Cue ဖြစ်တယ်။ အဲဒီကနေမှ ကော်ဖီလေး/ဆေးလိပ်လေး သောက်ချင်စိတ်ဖြစ်လာတယ်။ ဒါဟာ Craving။ အဲဒီနောက် ကော်ဖီ/ဆေးလိပ်ကို ထသောက်လိုက်တယ်။ ဒါဟာ Response။ သောက်ပြီးတော့ စိတ်ကျေနပ်မှုရသွားတယ်။ ဒါဟာ Reward ဖြစ်တယ်။ ဒါမှမဟုတ် အိပ်ရာပေါ် လှဲနေရင်း ပျင်းလာတယ်။ ဒါဟာ Cue။ Facebook လေး သုံးချင်လာတယ်။ ဒါဟာ Craving။ Facebook ကို ဖွင့်ပြီး သုံးလိုက်တယ်။ ဒါဟာ Action။ Facebook လေး သုံးလိုက်ရတော့ စိတ်ကျေနပ်သွားတယ်။ ဒါဟာ Reward။

အဲဒီစာအုပ်ထဲမှာ မှတ်သားဖို့ကောင်းတဲ့အချက်က ကိုယ်ဟာ အလေ့အကျင့်အသစ်တစ်ခုကို မွေးချင်ရင် Cue ကောင်းဖို့ လိုတယ်တဲ့။ Messenger က အသံလေးဟာ ကျွန်တော်တို့ကို Messenger ဖွင့်ကြည့်စေတဲ့ Cue ပဲ။ အဲဒါကြောင့် ကျွန်တော်ဆိုရင် ကျွန်တော်ဖတ်ချင်တဲ့ စာအုပ်တွေဆို ဖတ်ချင်သည်ဖြစ်စေ၊ မဖတ်ချင်သေးသည် ဖြစ်စေ ကျွန်တော် မြင်နိုင်တဲ့နေရာတွေမှာ အမြဲထားဖြစ်တယ်။ အဲဒီစာအုပ်ကြီးကို စာအုပ်ပုံထဲ ထိုးထည့်ထားတာ ထက်စာရင် မြင်ကွင်းမှာ ထားတာက ပိုပြီး Cue ကောင်းကောင်း ဖြစ်စေတော့ ပိုဖတ်ဖြစ်တယ်။ ဒါ့အပြင် E-book တွေကို ဖတ်ရာမှာလည်း အစပိုင်းမှာ ကျွန်တော်က iPad Mini နဲ့ ဖတ်လေ့ရှိတယ်။ ဒါပေမဲ့ iPad Mini ကို အခြားအကြောင်းနဲ့ ကိုင်ဖြစ်စရာ သိပ်မရှိဘူး။ စာဖတ်မှပဲ ကိုင်ဖတ်ဖြစ်တော့ iPad Mini ကို ကိုင်ဖြစ်တာ ရှားလာတယ်။ အကျိုးဆက်အနေနဲ့ iPad Mini နဲ့ စာဖတ်တာ နည်းလာတယ်။ ဒီတော့ ဒီထက်ပိုကောင်းတဲ့ အလေ့အကျင့်တစ်ခုကို ကျွန်တော် မွေးလိုက်တယ်။ အဲဒါက ကျွန်တော့်ဖုန်းနဲ့ပဲ စာစဖတ်လာတာဖြစ်ပါတယ်။ အစက ဖုန်းနဲ့ စာဖတ်ရတာ မကြိုက်ဘူး။ ဒါပေမဲ့ ဖုန်းနဲ့ဖတ်မှပဲ စာအုပ်ပိုဖတ်ဖြစ်မယ်ဆိုတာ ကျွန်တော် သိလာတယ်။ ဘာလို့လဲဆိုတော့ ဖုန်းသည် တစ်နေ့လုံးမှာ ကျွန်တော်နဲ့ သိပ်ဝေးကွာလေ့မရှိတဲ့ တစ်ခုတည်းသော ပစ္စည်း ဖြစ်နေတယ်။ အဲဒီတော့ ဖုန်းပေါ်မှာ ညအိပ်ခါနီး မိနစ် ၂၀ လောက် စာဖတ်တယ်။ ပြီးရင် အိပ်ပျော်သွားတယ်။ နောက်တဖြည်းဖြည်းနဲ့ ဖုန်းဟာ စာဖတ်ဖို့ Cue ဖြစ်လာတယ်၊ ဖုန်းနဲ့ စာအုပ်ဖတ်ဖြစ်တာ ပိုများလာတယ်။ အစက iPad ဟာ ကျွန်တော့်အတွက် စာဖတ်ဖြစ်ဖို့ Cue ဗျာ။ ဒါပေမဲ့ iPad ကို မြင်ကွင်းထဲမှာ မြင်ဖို့ဆိုတာ သိပ်မသေချာဘူး။ ကိုယ့်ဖုန်းက မြင်ကွင်းထဲမှာ ခဏခဏကို မြင်နေကြ။ ဒီတော့ ဖုန်းက ကျွန်တော့်အတွက် ပိုကောင်းတဲ့ Cue လို့ ဆုံးဖြတ်ပြီး စမ်းကြည့်ခဲ့တာ အခုတော့ ဖုန်းနဲ့ စာဖတ်ရတာ တော်တော်ကြိုက်နေပြီ။

လုပ်ရမှာ ပျင်းစရာကောင်းတဲ့ အလေ့အကျင့် အသစ်မျိုးကို မိမိကြိုက်နှစ်သက်တဲ့အရာနဲ့တွဲ

ကျွန်တော်တို့ဦးနှောက်က ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့အရာတွေလုပ်ရတဲ့အခါ Dopamine ဆိုတဲ့ Chemical တစ်မျိုးကို ထုတ်ပေးတယ်။ အဲဒီ Chemical ကြောင့် ကျွန်တော်တို့ဟာ ကျေနပ်မှုကို ခံစားရတယ်။ အစားစားခြင်း၊ လိင်ကိစ္စပြုလုပ်ခြင်း တို့လို Pleasurable Things တွေ လုပ်တဲ့အခါ ဦးနှောက်က အဲဒီ Dopamine ကို ထုတ်ပေးတယ်။ ဒါ့အပြင် Facebook ကနေ Like တွေရတဲ့အခါ၊ သူများက ကိုယ့်ကို Birthday ဆုတောင်းပေးတဲ့အခါ စတဲ့ အချိန်မျိုးတွေမှာလည်း Dopamine ထုတ်ပေးတယ်။ Neuroscientist တွေ ဖြစ်တဲ့ James Olds နဲ့ Peter Milner တို့က အဲဒါနဲ့ ပတ်သက်ပြီး စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ ကြွက်တွေဦးနှောက်ထဲကနေ အဲဒီ Dopamine ထုတ်ပေးတဲ့ Neurotransmitter ကို Electrodes တွေ သုံးပြီး ပိတ်လိုက်တယ်။ အဲဒီကြွက်တွေရဲ့ ဦးနှောက်က Dopamine မထွက်နိုင်တော့ဘူးပေါ့ဗျာ။ အဲဒီအခါမှာ ကြွက်တွေဟာ အသက်ရှင်လိုစိတ်တောင် မရှိကြတော့ဘူးတဲ့။ စားလည်း မစားချင်၊ သောက်လည်း မသောက်ချင်၊ လိင်ကိစ္စလည်း မလုပ်ချင်နဲ့ ရက်အနည်းအငယ်အကြာမှာ အစာရေစာ ငတ်ပြတ်ပြီး သေသွားကြတယ်။ ဒီ Dopamine ဟာ သတ္တဝါတွေအတွက် အတော်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အဲဒီအကြောင်းရေးထားတဲ့ စာအုပ်တစ်အုပ်လည်း ရှိတယ်။ The Molecule of More တဲ့။ အားတဲ့အခါ ဖတ်ကြည့်ပါ။ အဲဒီတော့ အလေ့အကျင့်တည်ဆောက်ရာမှာ ဒီ Dopamine ကိစ္စကို ကျွန်တော်တို့ ဘယ်လို အသုံးချကြမလဲ။ ကျွန်တော်တို့ မလုပ်ချင်တဲ့အရာတွေကို လုပ်ဖြစ်အောင် ကြိုးစားရာမှာ ဒီကိစ္စကို သုံးလို့ရပါတယ်။ ဥပမာ တစ်နေ့ စာမျက်နှာ ၂၀ ဖတ်ဖြစ်အောင် ဆိုပါစို့။ စဖတ်ဖတ်ခြင်းမှာ စာအုပ်ဖတ်ခြင်းဟာ ခင်ဗျားအတွက် ဆွဲဆောင်မှု မရှိတဲ့အရာဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒီတော့ စာအုပ် စာမျက်နှာ ၂၀ ဖတ်ပြီးမှ ငါ Facebook သုံးမယ်လို့ သန္ဓိဌာန်ချပြီး သုံးကြည့်လို့ရပါတယ်။ စာမျက်နှာ ၂၀ ဖတ်ပြီး တိုင်း Dopamine ထွက်မဲ့ကိစ္စ (Facebook သုံးခြင်း)ကို လုပ်ရမှာ ဖြစ်လို့ ခင်ဗျားဟာ စာဖတ်ဖို့ ပိုတက်ကြွလာနိုင်ပါတယ်။

အလေ့အကျင့်အသစ်မွေးချင်ရင် လွယ်ပါစေ

တစ်ညကို စာမျက်နှာ ၂၀ ဖတ်ဖို့ အကျင့်တော့ မွေးချင်ပါရဲ့။ အဲဒီစာအုပ်ကို ဘယ်နားထားမိမှန်း မသိဖြစ်ရင်၊ အိပ်ရာထဲ ဝင်ပြီးမှ ထယူရမှာ ပျင်းစရာကြီး ဖြစ်နေရင် အဲဒီအကျင့်ကို ရဖို့ အချိန်ပိုကြာပါလိမ့်မယ်။ အဲဒီတော့ မိမိဖတ်ချင်တဲ့ စာအုပ်ကို အိပ်ရာခေါင်းရင်းမှာ ထားပါ။ ကျွန်တော်ကတော့ အဲဒီလို လွယ်အောင် လုပ်တဲ့နေရာမှာ ဘယ်လောက်အထိ လုပ်လိုက်လဲဆိုရင် ဖုန်းပေါ်မှာ စာဖတ်ရတာ ကြိုက်သွားတဲ့အထိ ကိုယ့်ဘာသာ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ ဖုန်းလောက်လွယ်တာ ဖုန်းပဲရှိတာကိုး။ ဆန့်ကျင်ဘက်အနေနဲ့ အကျင့်တစ်ခုကို ဖျောက်ချင်တဲ့အခါ အခက်အခဲဆုံး ထားရပါတယ်။ ဥပမာ Facebook ခဏခဏ သုံးတာကို ဖျောက်ချင်တာမျိုုး ဆိုရင် App ကို အချိန်အတိုင်းတာတစ်ခုအထိ Lock ချတဲ့ Feature မျိုးတို့။ နောက်ထပ် ဥပမာ ဆိုရင် ကိုယ်စာလေ့ လာနေတဲ့အခါမျိုးဆိုရင် ဖုန်းကို ခပ်ဝေးဝေးမှာ ထားတာတို့ လုပ်လို့ရပါတယ်။

ဒါကတော့ Atomic Habits စာအုပ်ထဲက ဖတ်ရတဲ့ အကြံဉာဏ် အချို့ဖြစ်သလို ကျွန်တော်ကိုယ်တိုင် ကျင့်သုံးနေတဲ့ အကျင့်တွေလည်း ဖြစ်ပါတယ်။ Small Habits တွေကို အထင်မသေးပါနဲ့။ အလေ့အကျင့်တိုင်းဟာ သေးသေးမွှားမွှားနဲ့ပဲ စတင်တည်ဆောက်ရတာ ဖြစ်ပါတယ်။ တစ်နေ့တည်း ပေါင် ၃၀ လောက် လျော့ဖို့ မဖြစ်နိုင် သလို တစ်လတည်း စာအုပ် ၂၄ အုပ်လောက် ဖတ်ဖြစ်ဖို့ လူတိုင်းအတွက် မလွယ်ပါဘူး။ တနေ့နည်းနည်းလုပ်ခြင်းက ဘာမှမလုပ်ခြင်းထက်စာရင် ရေရှည်မှာ အကျိုးအများကြီး ရှိပါတယ်။

2 thoughts on “The Power of Small Habits (အလေ့အကျင့် အသေးအဖွဲများ၏ စွမ်းပကား)”

  1. ဖုန့်းနဲစာမဖတ်ချင်ပေမယ့် ဖတ်ရင်းဖတ်ရင်းနဲ့ မထွက်ချင်တော့ဘူး ဖုန်းနဲ့မဖတ်ချင်ဘူးဆိုတာမျက်စိထိလို့ပါ အရမ်းကောင်းတဲ့ဆောင်းပါးရှည်တစ်ပုဒ်ပါ

  2. အခုလိုမျှဝေပေးတဲ့ ကိုမိုးရှင်းကို
    ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

    အကိုရဲ့ Facebook app ကို
    Timer ထားတာပြောပြပေးကတည်းက လိုက်လုပ်ဖြစ်ပါတယ်။
    ကျွန်မအတွက် တော်တော်အကျိုးများခဲ့တယ်ရှင့်။

    အကိုရဲ့ English စာနဲ့ ပတ်သက်တာ မျှဝေတာကနေ ကျွန်မက
    Elsa ဆိုတဲ့ app လေး download
    လုပ်ပြီး လိုက်ပြောကြည့်တာ ခုဆို
    တော်တော်လေးနှုတ်သွက်လာပြီရှင့်။ ဒီ app မှာ ငေ

    ွဘယ်လိုချေရလဲဆိုတာမသိလို့
    ခုထိ free အနေနဲ့သုံးနေပေမဲ့ ကျွန်မ
    အသံထွက်တော်တော်လေး
    ကောင်းလာတယ်ရှင့်။
    ၁၀တန်းတုန်းက Englishစာ ၄၁
    မှတ်နဲ့ အောင်ခဲ့လို့ အဲကတည်းက
    Englishစာကို အမြဲလေ့လာဖြစ်တယ်ရှင့်။

    အဲဒီအချိန်တုန်းကတော့ နည်းလမ်း
    တွေမသိခဲ့ပါဘူး။ အကို့ရဲ့ သူစိတ်
    ဓါတ်ကျတိုင်းဖတ်ဖို့ စာအုပ်ကို
    ဖတ်ပြီးကတည်းက အကို့ရဲ့ page
    ကော ၊account မှာကော follow
    နဲ့ see first လုပ်ထားပါတယ်။

    အကို့ရဲ့ ထွက်ပြီးသားစာအုပ်တွေ
    အမှောင်ထုထဲက မြစ်တစ်စင်းကော၊ ဖါရာရီကော၊ လက်ဆောင်ကော Englishစကားအမြန်ဆုံးပြောတတ်ဖို့ကော ဖတ်ပြီးပါပြီ။

    အကို့ရဲ့ podcast တွေကိုလည်း
    Google podcast ကနေ အကုန်
    နားထောင်ပြီးပါပြီရှင့်။

    အကို့ရဲ့ do something podcast
    လေးကို နားထောင်းပြီး ကျွန်မ
    မလုပ်ဖြစ်ခဲ့တဲ့ လုပ်ရမှာကြောက်တဲ့အရာတွေကိုလည်း လုပ်ရဲလာလို့
    အကို့ကို ကျေးဇူးအများကြီးတင်
    ပါတယ်။

    အကို့စာတွေ စာအုပ်တွေကိုလည်း
    အမြဲ စောင့်မျှော်အားပေးနေပါတယ်ရှင့်။

    ဒီစာလေးက အကိုစာအုပ်တွေ
    Podcastတွေ ဆက်လုပ်ဖို့ ခွန်အား
    ဖြစ်ပါစေလို့ ဆုတောင်းရင်း

Leave a Comment

Your email address will not be published. Required fields are marked *