မိမိဘဝအပေါ် ဘယ်လို Reflect ပြန်လုပ်မလဲ

 

ဒီအချိန် ဒီကာလကြီးကို ဘယ်သူမှ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ကျွန်တော်လည်း မကြိုက်သလို ခင်ဗျားတို့လည်း ကြိုက်မယ်လို့ မထင်ပါဘူး။ နေ့စဉ်နေ့တိုင်း ပူပန်ခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေ၊ စိတ်မလုံခြုံခြင်းတွေနဲ့ ဖြတ်သန်းနေရတဲ့ ကာလတစ်ခုကို ကျွန်တော်တို့ ဖြတ်သန်းခဲ့တာ ခုနစ်လကျော်ခဲ့ပါပြီ။ ဒီကာလကြီးကို ကျော်ပစ်လိုက်လို့လည်း မရတာမို့ ကျွန်တော်တို့ဟာ ဒီကာလဆိုးကြီးကို မဖြစ်မနေ ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘဝအတွက် တန်ဖိုးအကြီးဆုံး သင်ခန်းစာတွေဟာ အခက်အခဲဆုံး၊ အကြမ်းတမ်းဆုံး၊ အမှောင်မိုက်ဆုံး အခိုက်အတန့်တွေဆီကနေ လာတတ်ပါတယ်။ ဒီတော့ ဒီကာလကြီးကို ကျွန်တော်တို့ ဘယ်လိုအကောင်းဆုံး ဖြတ်ကျော်ကြမလဲ။ ဒီမှောင်မိုက်တဲ့ကာလကြီးကနေ ဘယ်လိုသင်ခန်းစာတွေယူမလဲ၊ ဒီလိုအချိန်မှာ ကျွန်တော်တို့အတွက် တစ်စုံတစ်ခု အကျိုးရှိအောင် ဘယ်လိုလုပ်ကြမလဲ။

ဒါနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာ နှစ်ခု ရှိပါတယ်။ ပထမတစ်ခုကတော့ “ဒီကာလဆိုးကြီး အမြန်ဆုံး အပြီးသတ်နိုင်ဖို့ ငါ ဘာလုပ်ပေးနိုင်မလဲ” ဆိုတာကို စဉ်းစားဖို့ပါပဲ။ တချို့လူတွေပြောနေသလို ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ အချိန်ကာလတစ်ခုကြာမြင့်မှာ ဖြစ်ပြီး ဘယ်လောက်ကြာမလဲဆိုတာဟာ ပြည်သူတွေ ဘယ်လောက် ကြိုးစားကြလဲဆိုတာပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် “useful” ဖြစ်အောင် လုပ်ဖို့ လိုပါတယ်။ လူတွေရဲ့ သဘောသဘာဝကိုက တစ်ခုခု အကျိုးရှိတာ (သို့မဟုတ် အကျိုးရှိတယ်လို့ သူတို့စိတ်ထဲ ထင်တဲ့အရာ)ကို လုပ်နေရရင် သူတို့ဟာ “useful” ဖြစ်နေသေးပါလားလို့ ခံစားရပါတယ်။ အသက်ကြီးတဲ့အခါ အဘိုးကြီးအဘွားကြီးတွေ တစ်ခုခု ရှာကြံလုပ်နေတတ်ကြတာဟာလည်း ဒီသဘောပါဝင်ပါတယ်။ လူဟာ လောကကြီးမှာ သူ အသုံးဝင်တဲ့နေရာတစ်နေရာမှ မရှိဘူးလို့ထင်လာရင် နေရင်ထိုင်ရတာ ပျော်ရွှင်မှာ မဟုတ်တော့ပါဘူး။

ဥပမာ အာဏာသိမ်းပြီး အစောပိုင်းကာလတွေကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေ ခဲ့ကြတာ ဖြစ်ပါတယ်။ မနက်မိုးလင်းကထွက်ပြီး ညနေကျမှ အိမ်ပြန်ကြတယ်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပင်ပန်းတယ်ဆိုပေမဲ့ ကိုယ်ဟာ meaningful ဖြစ်တဲ့ လုပ်ရပ်တစ်ခုကို လုပ်နေပါလား၊ ကိုယ်ဟာ useful ဖြစ်ပါလားဆိုတဲ့ ခံ့စားချက်ကြောင့် စိတ်ပိုင်းဆိုင်ရာ အရမ်းမပင်ပန်းခဲ့ကြပါဘူး။ ဒါပေမဲ့ အဲဒီကာလမှာ အကြောင်းကြောင်းကြောင့် အပြင်ထွက်ပြီး ဆန္ဒပြခွင့်မရလို့ အိမ်ကနေပဲ ကီးဘုတ်ဖိုက်တာ လုပ်နေခဲ့ကြရသူတွေရှိပါတယ်။ အိမ်ကနေ တက်နိုင်သလောက် ကူရတယ်ဆိုပေမဲ့ အဲဒီလူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပိုပြီးထိခိုက်ကြပါတယ်။ ကောလဟာလတွေကြောင့် ဟိုလူ့အတွက်ပူရ၊ ဒီလူ့အတွက်ပူရနဲ့၊ ဒါ့အပြင် ကိုယ်တိုင်အပြင်မထွက်နိုင်လို့ Guilty ဖြစ်တဲ့ ခံစားချက်ကလည်း ဆိုးပါသေးတယ်။ အခုတော့ ဆန္ဒပြတာတွေလည်း နည်းသွားပြီမို့ လူအများစုဟာ အိမ်တွင်းအောင်းနေ ကြရပါတယ်။ အိမ်တွင်းအောင်းတာ များလာတာနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာတာတွေလည်း ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရှေ့တန်းကနေ မတိုက်ပေးနိုင်တဲ့အတွက် Survivor Guilt ခံစားချက်ဟာ တိုးလာပါတယ်။ ကိုယ်ကိုယ့်ကိုယ်လည်း အသုံးမကျသူတစ်ယောက်လို ခံစားလာရပါတယ်။ ဒီလိုမခံစားရဖို့ဆိုရင် ကိုယ်ဟာ ဒီတော်လှန်ရေးမှာ Useful ဖြစ်နေဖို့လိုပါတယ်။ ကိုယ်လုပ်နိုင်တာကို အမြဲလုပ်ပေးနေဖို့လိုပါတယ်။ Boycott သင့်တဲ့ ကုန်ပစ္စည်းတွေ၊ လူပုဂ္ဂိုလ်တွေကို Boycott ရပါမယ်။ ဒါ့အပြင် Click2donate လိုဟာမျိုးတွေကနေ ကလစ်နှိပ်တာမျိုး၊ သူတို့ App ထဲဝင်ပြီး ကြော်ငြာကြည့်ပေးတာမျိုးတွေလုပ်ပေးနေဖို့လိုပါတယ်။ တတ်နိုင်တာအားလုံးကို လုပ်ပေးနေမှ ဒီကာလဆိုးကြီးကနေ အမြန်ဆုံး လွတ်နိုင်မှာ ဖြစ်ပါတယ်။ မဆိုင်သလို နေနေရင်တော့ ဒီငရဲကနေ တော်တော်နဲ့ လွတ်မြောက်မှာ မဟုတ်ပါဘူး။

ဒုတိယအချက်အနေနဲ့တော့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်အကြောင်းကို ပြောသွားမှာဖြစ်ပါတယ်။ ကိုယ်တတ်နိုင်တာတွေလည်း နေ့တိုင်း မမေ့မလျော့လုပ်ပေးပြီးသွားပြီဆိုရင်၊ အချိန်လည်းအားနေတယ်ဆိုရင် မိမိဘဝကို Reflect ပြန်လုပ်ကြည့်သင့်ပါတယ်။ ကျွန်တော်တို့ အချိန်ကာလအကြောင်းပြောတဲ့အခါ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ဆိုပြီး သုံးမျိုးခွဲပြောတတ်ကြပါတယ်။ ဒီအချိန်မှာ အနာဂတ်အကြောင်းက တွေးစရာ သိပ်မရှိလှပါဘူး။ ရှေ့လျှောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ အတိအကျမပြောနိုင်ပါဘူး။ ဒီတော့ ပစ္စုပ္ပန်ကို အဓိက ထားရမယ်။ အတိတ်အကြောင်း ပြန်တွေးပြီး ချင့်ချိန်စဉ်းစားကာ သင်ခန်းစာယူစရာတွေကို ယူရပါမယ်။ ဒီလို အတိတ်အကြောင်း ပြန်တွေးပြီး ချင့်ချိန်စဉ်းစားတာကို Reflect လုပ်တယ်လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် Reflect လုပ်တယ်ဆိုတာ မိမိဘဝကို အေးအေးဆေးဆေး နောက်ကြောင်းပြန်လှည့်ကြည့်ပြီး ငါ ဘာတွေမှားခဲ့လဲ၊ ငါ ဘာတွေ မှန်ခဲ့လဲ၊ ငါ ပိုပြီးရင့်ကျက်လာလား၊ တိုးတက်လာလား (ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ)၊ ငါ့ကိုယ်ငါ အခု ဘယ်လိုမြင်လဲ စသဖြင့် စဉ်းစားတာကို ဆိုလိုပါတယ်။ ကျွန်တော် ဒီကာလမှာ Reflect လုပ်ဖြစ်တဲ့အထဲက အနည်းငယ်ကို ဥပမာအနေနဲ့ ဖော်ပြပေးသွားပါမယ်။

Personal Values

ပထမဆုံး ကျွန်တော် Reflect လုပ်မိတာက ကျွန်တော့်ရဲ့ Personal Values တွေ အကြောင်းပါပဲ။ Personal Values တွေဆိုတာ လူတစ်ယောက်ချင်းစီရဲ့ သူတို့ဘဝမှာ တန်ဖိုးထားတဲ့ အရာတွေဖြစ်ပါတယ်။ Personal Values တွေဟာ လူတစ်ယောက်အတွက် အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော် Personal Values အကြောင်းကို Podcast Episode တစ်ခုနဲ့ ရှင်းပြခဲ့ဖူးပါတယ်။ နားမထောင်ရသေးရင် နားထောင်ကြည့်ပါ။

ကျွန်တော် စာတွေစပြီးရေးစဉ်အခါက ကျွန်တော့်ရဲ့ Personal Value ဟာ Facebook ပေါ်မှာ Engagement များဖို့ ဆိုတာမျိုး ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ Value နဲ့ စခဲ့တာတော့ မဟုတ်ပါဘူး။ စရေးတုန်းကတော့ ကိုယ်ရေးတဲ့စာတွေကြောင့် သူတစ်ပါးဗဟုသုတရသွားမှာကို လိုလားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်စာတွေကို အားပေးတဲ့သူ များလာတာနဲ့အတူ ကျွန်တော့်ရဲ့ Value ဟာ မသိမသာ ပြောင်းလဲလာခဲ့ပါတယ်။ ကိုယ်တကယ် တန်ဖိုးထားပြီး အချိန်ကုန်ခံရေးတဲ့ စာတွေကို လူသိပ်မကြိုက်တဲ့အခါ လူကြိုက်များတဲ့စာတွေကို ပိုရေးဖြစ်လာခဲ့ပါတယ်။ လူတွေ Like မဲ့၊ Share မဲ့ စာမျိုးတွေကို ပိုရွေးပြီး ရေးဖြစ်လာခဲ့ပါတယ်။ 2014, 2015 လောက်က ကျွန်တော် အဲဒီလို စာတွေ အရေးများခဲ့ပါတယ်။ ဒါပေမဲ့ 2016 လောက်က စပြီး ကျွန်တော့်ရဲ့ ခံယူချက်တွေ၊ Personal Value တွေ ပြောင်းလဲလာခဲ့ပါတယ်။ လူကြိုက်များတိုင်း မကောင်းဘူးဆိုတာ သဘောပေါက်လာတယ်။ လူကြိုက်များဖို့ထက် ကိုယ့်လိပ်ပြာကိုယ်လုံအောင် ပိုလုပ်သင့်တာကို သဘောပေါက်လာတယ်။ အဲဒီနောက်ပိုင်း ကျွန်တော့်ရဲ့ Value ဟာ ကျွန်တော်ရေးတဲ့စာအပေါ် ကျွန်တော် ဘယ်လောက်အားထုတ်ထားသလဲဆိုတာပဲ ဖြစ်လာတယ်။ လူကြိုက်နည်းရင် နည်းပါစေ၊ ရေးသင့်တယ်ထင်တဲ့အရာကို ရေးလာခဲ့တယ်။ အဲဒီလိုရေးတဲ့အတွက် Facebook ပေါ်မှာ Engagement နည်းသွားတယ်။ သို့သော် ကျွန်တော် စိတ်ပိုသန့်လာတယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားတဲ့ Self-respect လေး ရှိလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုကျေနပ်လာတယ်။ လူဆိုတာ ကိုယ့်ရဲ့ Ethic ကို ဒီလိုတည်ဆောက်ရပါလား နားလည်လာတယ်။ အဲဒီပြောင်းလဲမှုက ရလာတဲ့ စိတ်ချမ်းသာမှုက ကျွန်တော့်ဘဝအပေါ် Impact ကြီးကြီးမားမား ရှိခဲ့တယ်။

အကယ်၍ လူငယ်တွေကို အကြံတစ်ခုပေးခွင့်ရမယ်ဆိုရင် အောင်မြင်မှုတစ်ခု၊ ကျော်ကြားမှုတစ်ခုတည်းအပေါ် စိတ်ထားပြီး မကြိုးစားကြဖို့ အကြံပေးချင်တယ်။ မိမိရဲ့ အရည်အချင်းတိုးတက်ဖို့ကို အဓိကထားပြီး ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့ Self-respect တစ်ခု အရင်တည်ဆောက်စေချင်တယ်။ မိမိကိုယ်ကိုယ်လေးစားတယ်ဆိုတာ အသားလွတ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာကို စဉ်းစားစေချင်တာပါ၊ ပြီးရင် အဲဒီဖြစ်ချင်တဲ့ လူပုံစံမျိုး ကြိုးစား တည်ဆောက်စေချင်တာပါ။ ကိုယ်ဟာ ပိုက်ဆံရမယ်ဆိုရင် ဘာမဆိုလုပ်မဲ့ လူစားမျိုးလား၊ ကိုယ်ဟာ အောင်မြင်မယ်ဆိုရင် Ethic တွေ ဘာတွေမကြည့်ဘဲ ဘာမဆိုလုပ်မဲ့လူစားမျိုးလား၊ ကိုယ်ဟာ မချမ်းသာရင်နေပါစေ ကိုယ်ကျင့်သိက္ခာတော့ ဘယ်တော့မှ အထိအပါးမခံဘူးဆိုတဲ့ လူမျိုးလား စသဖြင့် ကိုယ်ဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာကို အချိန်ပေးပြီး စဉ်းစားကြည့်ပါ။ ကျွန်တော် တစ်ယောက်တည်းရဲ့ Personal Opinion ပြောပါဆိုရင်တော့ ကျွန်တော်က ဘဝကို လိပ်ပြာလုံလုံနဲ့ ဖြတ်သန်းချင်တယ်။ လိပ်ပြာလုံလုံနဲ့ အိပ်ရတဲ့ညတွေဟာ အင်မတန် အရသာရှိပါတယ်။

Deadline & Pressure

ဒုတိယတစ်ခု Reflect လုပ်မိတာက ကျွန်တော်နဲ့ Deadline တွေ အကြောင်းပါ။ ပုံမှန်အားဖြင့် Deadline တွေ၊ Pressure တွေကို လူတွေက ကြိုက်လေ့မရှိကြပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ Deadline ဟာ အလုပ်ပြီးမြောက်ဖို့ အသုံးပြုရတဲ့ Tool တစ်ခု ဖြစ်လာမှန်း ပြန်စဉ်းစားမိလာတယ်။ ကျွန်တော်က တစ်ခုခုဆို ဖင်နားကပ်မှ ကတိုက်ကရိုက်လုပ်တတ်ပြီး အဲဒီလို အချိန်မျိုးမှာလည်း Productive ပိုဖြစ်တတ်တဲ့ လူစားမျိုး ဖြစ်ပါတယ်။ ပုံမှန် ဘာ Pressure မှ မရှိရင် ပျင်းနေတတ်ပါတယ်။ ဖာရာရီလမ်းခွဲ စာအုပ်ကို ဘာသာပြန်တုန်းကလည်း ‘ငါတို့စာပေ’က ကိုမြေမှုန်လွင်က စာချုပ်နဲ့ အလုပ်လုပ်တာ ဖြစ်တဲ့အတွက် စာချုပ်ပါကာလအတွင်း ပြီးအောင် ဘာသာပြန်ရပါတယ်။ အဲဒီတုန်းက Deadline လည်း ရှိတာ ဖြစ်တဲ့အတွက် ဘာသာပြန်တာ မြန်သလို ပိုပြီးလည်း အာရုံစိုက်နိုင်ခဲ့တယ်။ Deadline မရှိတဲ့ စာအုပ်မျိုးဆိုရင်တော့ နေ့ရွှေ့ညရွှေ့နဲ့ တော်တော်ကို ကြာသွားတတ်တယ်။ နောက်ပိုင်းတော့ ကျွန်တော် Deadline ကို အသုံးချတတ်လာတယ်။ တစ်ခုခုကို ပုံမှန်လုပ်ဖြစ်ဖို့ဆိုရင် Deadline သို့ Pressure တစ်ခုကို တမင်သပ်သပ် ထားလေ့ရှိတယ်။ Podcast တွေ လုပ်တဲ့အချိန်မှာလည်း နားထောင်သူတွေကို “ကျွန်တော် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း Episode အသစ်တစ်ခု တင်ပေးပါမယ်”လို့ ကတိပေးပြီး ကိုယ့်ကိုယ်ကိုယ် Deadline & Pressure ပေးထားခဲ့တယ်။ တကယ်လည်း အလုပ်ဖြစ်တယ်။ ကျွန်တော် အခု ဒီဆောင်းပါးကို ရေးနေတဲ့အချိန်မှာ Podcast လုပ်လာတာ Season 1 ပြီးတော့မယ်။ Episode 9 အထိ ရောက်နေပြီ။ နောက်တစ်ပတ် Episode 10 ပြီးရင် Season 1 ပြီးပြီ။ ကျွန်တော်ပြောချင်တာကတော့ ဒီစာကိုဖတ်နေတဲ့သူတွေထဲမှာလည်း ကျွန်တော့်လို အပျင်းကြီး နေ့ရွှေ့ညရွှေ့လုပ်တတ်တဲ့သူတွေရှိရင် Deadline & Pressure ကို အသုံးချကြည့်ပါလို့ အကြံပေးချင်ပါတယ်။

ဘဝရဲ့ တန်ဖိုးရှိတဲ့ အခိုက်အတန့်များ

နောက်တစ်ခု ကျွန်တော် စဉ်းစားမိတာက ဘဝရဲ့ တန်ဖိုးရှိတဲ့ အခိုက်အတန့်တွေအကြောင်း ဖြစ်ပါတယ်။ အခုနေ ကျွန်တော်တို့ သေရမယ်ဆိုရင် ကျွန်တော်တို့ မျက်လုံးထဲမှာ ဘယ်လို အခိုက်အတန့်တွေ ပြန်ပေါ်လာမယ်ထင်လဲ။ ခင်ဗျား မျက်လုံးတွေကို မှိတ်ပြီး ခဏလောက် ပြန်စဉ်းစားကြည့်။ ခင်ဗျားဘဝမှာ ခင်ဗျားဖြတ်သန်းခဲ့တဲ့ အခိုက်အတန့်တွေထဲက ဘယ်အခိုက်အတန့်ကို အနှစ်သက်ဆုံးလဲ။ ငွေတွေ အသေအလဲရှာနေခဲ့တဲ့ အခိုက်အတန့်တွေလား၊ နေ့မအား ညမအား အလုပ်ကြိုးစားနေခဲ့တဲ့ အခိုက်အတန့်တွေလား၊ သို့မဟုတ် အောင်မြင်မှုကြီးကြီးမားမားရတဲ့ အခိုက်အတန့်မျိုးလား၊ သို့မဟုတ် မိသားစုနဲ့သွားခဲ့တဲ့ ခရီးတစ်ခုလား၊ သူငယ်ချင်းတွေနဲ့ သွားခဲ့တဲ့ ခရီးတစ်ခုလား၊ သို့မဟုတ် ကိုယ်ကျိုးမဟုတ်ဘဲ သူများအကျိုးအတွက် လုပ်ပေးခဲ့ဖူးတဲ့ အခိုက်အတန့်မျိုးလား။ ဥပမာ ကျွန်တော့်ကို “မင်းဘဝရဲ့ ဘယ်အခိုက်အတန့်တွေကို တန်ဖိုးရှိတယ်လို့ထင်လဲ၊ သဘောကျလဲ”လို့ မေးရင် ကျွန်တော် အဆောင်နေခဲ့တဲ့ အခိုက်အတန့်တွေရယ်၊ ဝန်ထမ်းဘဝကို ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေရယ် ဖြစ်မယ်ထင်တယ်။ အဲဒီတုန်းကတော့ သာမန် Moment လေးတွေလိုပဲ ဖြတ်သန်းခဲ့တာပါ။ ထွေထွေထူးထူး တန်ဖိုးထားခဲ့တာမျိုး မရှိပါဘူး။ ဥပမာ ကျွန်တော် အဆောင်နေခဲ့ရတဲ့ ကာလတွေဆိုရင် ငွေရေးကြေးရေး အင်မတန် ခက်ခဲခဲ့တဲ့ ကာလတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကာလတွေမှာပဲ မိတ်ဆွေကောင်းများစွာနဲ့ ကြုံတွေ့ခွင့်ရခဲ့တယ်။ ပျော်ရွှင်စရာ၊ အမှတ်ရစရာ အခိုက်အတန့်တွေကို ဖြတ်သန်းခွင့်ရခဲ့တယ်။ အဆောင်မှာ ကိုယ်နေရတဲ့နေရာလေးက ကျောတစ်ခင်းစာလေး၊ နေတာက ခုနစ်လွှာ။ သို့ပေမဲ့ အဆောင်မှာ ဂစ်တာတီးတဲ့ညတွေ၊ ဖဲရိုက်တဲ့ညတွေ၊ ငပိထောင်းနဲ့ ထမင်းအတူစားခဲ့ကြတဲ့ညတွေ၊ အတူတူ ရုပ်ရှင်ကြည့်ခဲ့ကြတာတွေ၊ ဘောလုံးပွဲအကြောင်း ငြင်းခဲ့ကြတာတွေ၊ ညသန်းခေါင်မှာ ဘူတာရုံလမ်းထဲသွားပြီး ဘောပွဲကြည့်ရင်း ခေါက်ဆွဲပြုတ်စားရတဲ့အရသာ၊ စသဖြင့် Memory ပေါင်းများစွာ ခေါင်းထဲ ပြန်ပေါ်လာတယ်။ ဝန်ထမ်းဘဝမှာလည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကမ်းခြေကို သွားခဲ့ကြတာတွေ၊ သောကြာနေ့ဆို ကာရာအိုကေ သွားဆိုကြတာတွေဟာ အခုနေ ပြန်စဉ်းစားတဲ့အခါ ပျော်စရာ Memory တွေဖြစ်လာတယ်။ တစ်ချိန်တုန်းက သာမန်လိုပဲ ဖြတ်သန်းခဲ့တဲ့ အခိုက်အတန့်တွေဟာ အခုအချိန်ပြန်စဉ်းစားကြည့်တဲ့အခါ ကြည်နူးစရာလေးတွေ ပြန်ဖြစ်လာတယ်။ ကျွန်တော့်အမြင်တော့ ကျွန်တော်တို့ရဲ့ ဘဝကို အဓိပ္ပါယ်ရှိစေတဲ့ အဲဒီလို အသေးအဖွဲအခိုက်အတန့်လေးတွေပါပဲ။ အသွေးအဖွဲအခိုက်အတန့်လေးတွေမို့ ကျွန်တော်တို့က အထင်သေးမိတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တကယ်တမ်းမှာ ကျွန်တော်တို့ဟာ နေ့စဉ်ဘဝရဲ့ အဲဒီလို အသေးအဖွဲအခိုက်အတန့်လေးတွေကို ပိုပြီးတန်ဖိုးထားတတ်ဖို့ လိုပါတယ်။ ခက်ခဲတဲ့အချိန်တွေရောက်လာတဲ့အခါ အဲဒီလို Memory တွေက ကျွန်တော်တို့ရဲ့စိတ်ကို အများကြီး နှစ်သိမ့်ပေးနိုင်စွမ်းရှိပါတယ်။ အဆိုးဆုံး အခြေအနေမှာတောင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ လွဲခဲ့တဲ့အလွဲတွေအကြောင်း ပြန်စဉ်းစားရင်း ပြုံးမိကောင်းပြုံးမိနိုင်ပါတယ်။

နောင်တ

ဒီဆောင်းပါးမှာ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ နောင်တအကြောင်းပါပဲ။ ကျွန်တော်က ကိုယ့်စိတ်နဲ့ ထင်တိုင်းကြဲပြီး နေခဲ့တဲ့ လူတစ်ယောက်ပါ။ ကျွန်တော်လုပ်ချင်တာဆို ရအောင်လုပ်ခဲ့တယ်။ သင်္ဘောသား ဘဝက ထွက်တယ်။ သင်္ဘောသားလစာထက် အများကြီးနည်းတဲ့ Content Writer အလုပ်လုပ်တယ်။ တက်ချင်တဲ့ သင်တန်းတွေ တက်ခဲ့တယ်။ ကိုယ်ပိုင် အလုပ်တွေလည်း စုံအောင်လုပ်ခဲ့တယ်။ ကျွန်တော် လူချမ်းသာ တစ်ယောက်ဖြစ်လာမလားဆိုတာတော့ မသေချာဘူး။ ချမ်းသာမလာလည်း ဘာမှမဖြစ်ဘူး။ သေချာတာက ကျွန်တော် အခုနေသေမယ်ဆိုရင် ကျွန်တော့်မှာ ငါမလုပ်ခဲ့လိုက်ရလေခြင်းဆိုတဲ့ နောင်တ သိပ်မရှိဘူး။ ကျွန်တော်ဟာ မြန်မာ့လူ့အသိုင်းအဝိုင်းက လက်ခံထားတာတွေကို ဖောက်ဖျက်ပြီး နေထိုင်ခဲ့တယ်။ လုပ်ချင်တာကိုလုပ်ပြီး တော်လှန်ခဲ့တယ်။ အဲဒီကနေ ရလာတဲ့ Freedom ကို ကျွန်တော် အပြည့်အဝ ခံစားခဲ့တယ်။ အဲဒီ Freedom ရဖို့ ပေးဆပ်ရမဲ့ အရာတွေကိုလည်း ပေးဆပ်ခဲ့တယ်။ ကျွန်တော်ကစလို့ နောက်ထပ် ဆင်းသက်လာမဲ့ သားသမီး Generation မှာ လည်း ကျွန်တော်လိုပဲ လွတ်လပ်စွာ ပျံသန်းခွင့်ပေးမယ်။ ကျွန်တော်က ကျွန်တော့်မိဘအတွက် တော်လှန်သူ တစ်ယောက် ဖြစ်ခဲ့ကောင်းဖြစ်ခဲ့မယ်။ ဒါပေမဲ့ ကျွန်တော့်မျိုးဆက်တစ်လျှောက်မှာတော့ လွတ်လပ်ခြင်း အရသာကို ခံစားခွင့်ရတဲ့ Generation ပဲ ဖြစ်စေရမယ်။ လူချမ်းသာဖို့ထက် တိုတောင်းလှတဲ့ လူ့ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ရတဲ့ နောင်တနည်းတဲ့ လူလေးတွေပဲ ကျွန်တော့်ဆီကနေ ဆက်လက်ဆင်းသက်စေရမယ်လို့ ကျွန်တော် ခံယူထားပါတယ်။

ဒါတွေကတော့ ကျွန်တော် Reflect လုပ်မိတဲ့ အရာတွေဖြစ်ပြီး စာဖတ်သူတွေ အနေနဲ့လည်း အချိန်ရတဲ့အခါ ကိုယ့်ဘဝကို Reflect ပြန်လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

3 thoughts on “မိမိဘဝအပေါ် ဘယ်လို Reflect ပြန်လုပ်မလဲ”

  1. ဆရာ့စာဖတ်မှ ကျနော်လည်း အခုမှ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိတယ်။

  2. ဖတ်လိုက်ရတာ တကယ့်ကိုမှ တန်ဖိုးရှိလွန်းပါတယ် Deadline & Pressure

  3. ဆရာ့ vlog ကို ခုမှတွေ့တော့တယ် ဒီရက်ပိုင်း တွေ နေရတာ စိတ်အဆင်မပြေဘူး ဆရာ
    ဆရာ့ podcast တွေ နားထောင်ရင်း ကို့ကိုကို အားတင်းနေရတယ် Hope ဆိုတဲ့ podcast လေးတော်တော်သဘောကျတယ် အ့လိုမျိုးလေးတွေ ထပ်တင်ပေးပါ ဆရာ
    လေးစားလျက် 🙂

Leave a Comment

Your email address will not be published. Required fields are marked *