အင်္ဂလိပ်စာ လေ့လာရာမှာ ကျွန်တော်တို့ မှားတတ်ကြတဲ့ အမှားတစ်ခု

 

အင်္ဂလိပ်စာ လေ့လာတဲ့အခါ မှားလေ့ရှိတာ တစ်ခုရှိတယ်။ ကျွန်တော်အပါအဝင် မှားခဲ့တဲ့ အမှားတစ်ခုပေါ့။ အဲဒါက ဘာလဲဆိုတော့ ကိုယ့် Level ကို ကိုယ်မသိတာပါပဲ။ ဘာသာစကား အသစ်တစ်ခုကို သင်ယူရာမှာ အဲဒီဘာသာစကားအပေါ် ကိုယ်က ဘယ်လောက်ကျွမ်းကျင်ပြီလဲဆိုတာ တိုင်းတာလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီက လူအများစုက အဲဒါကို မတိုင်းတာဖြစ်တာများတယ်။ ကိုယ့်ကျွမ်းကျင်မှုကို တိုင်းတာရကောင်းမှန်းလည်း မသိခဲ့ကြဘူး။ ဒီတော့ မဖြစ်သင့်တဲ့ ဆိုးကျိုးတွေ ရှိလာတယ်။ အဲဒါက ကိုယ့် Level နဲ့ ကိုက်မှန်းမသိ၊ မကိုက်မှန်းမသိ အကုန်လေ့လာမိတော့တာပဲ။ အဲဒီလို လေ့လာတဲ့အခါ ကိုယ့် Level နဲ့ ကိုက်တဲ့ စာအုပ်ကို ကောက်ကိုင်မိရင်‌တော့ ဘာမှမဖြစ်ဘူး။ ကိုယ့်ထက်အဆမတန်မြင့်နေတဲ့ Level တန်းက စာအုပ်တွေကို သွားဖတ်မိတဲ့အခါ တစ်မျက်နှာတောင် မနည်းပြီးအောင် ဖတ်ကြရတဲ့ အနေအထားတွေ ရောက်ကုန်ရော။ စာဖတ်ရတာလည်း မပျော်တော့ဘူး၊ ကိုယ့်ကိုယ်ကိုလည်း သိမ်ငယ်လာရော။ တကယ်တော့ သွားပေါက်ခါစ ကလေးက အမဲသားကြော် ခပ်မာမာကြီးတွေ သွားကိုက်မိနေတဲ့ ကိုယ့်အနေအထားကို ကိုယ်မရိပ်မိကြဘူး။ ကိုယ်က ဘာသာစကား အသစ်တစ်ခုကို လေ့လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကလေးတစ်ယောက်လိုပဲ စတင် သဘောထားရမယ်။ ကိုယ့် Level ကိုသိပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ စာအုပ်တွေ၊ သင်ခန်းစာတွေကို လေ့လာရမယ်။ ဒါမှ နည်းမှန်လမ်းမှန်ဖြစ်ပြီး ကိုယ့်ရဲ့ တိုးတက်မှုကို ပြန်မြင်ရမှာလည်း ဖြစ်တယ်။ အဲ့လိုမှ မဟုတ်ဘဲ ကျော်ခွပြီး လေ့လာရင် စိတ်ဓာတ်တွေ ကျလာလိမ့်မယ်။

အဲဒီတော့ ကိုယ့် Level ကိုယ်သိအောင် ဘယ်လို လုပ်ကြမလဲ။

အချို့ အင်္ဂလိပ်စာ သင်တန်းတွေက သူတို့ဆီမှာ သင်တန်းတက်မယ်ဆိုရင် အရင်ဆုံး Placement Test စစ်ပါတယ်။ British Council မှာ 2016 လောက်က ကျွန်တော် သင်တန်းတက်တော့ Placement Test ဖြေရပါတယ်။ အဲဒီတုန်းက Intermediate လား မသိဘူး အဆင့်ရှိပါတယ်။ သင်တန်းပြီးတော့ ကျွန်တော်တို့ အတန်းကို သင်တဲ့ ဆရာမက “နင်က တကယ်ဆို Upper Intermediate” ကို ရောက်ခဲ့သင့်တာလို့ မှတ်ချက်ပေးပါတယ်။ အဲဒီတုန်းက ကျွန်တော့် Level က Intermediate ပဲ ဆိုကြပါတော့။ အဲဒီလို ကိုယ့်အဆင့်ကို ကိုယ်သိသွားတဲ့အခါ ကိုယ်နဲ့ကိုက်ညီတဲ့ စာအုပ်တွေကို Library ထဲမှာ ရွေးဖတ်လာနိုင်ပါတော့တယ်။ BC က Library မှာက စာအုပ်တွေကို အဆင့်တွေခွဲပေးထားတယ်ဆိုတော့ ရှာရတာ အဆင်ပြေပါတယ်။ နောက်ပြီးတော့ ကိုယ်ဟာ ကာတွန်းကားတွေ ကြည့်ရင် နည်းနည်းပါးပါး နားလည်ပြီး နိုင်ငံတကာ သတင်းတွေ နားထောင်ရင် ဘာလို့ နားမလည်လဲ ဆိုတာကိုလည်း သဘောပေါက်လာပါတော့တယ်။ ကိုယ့် Level မှာ ရှိတဲ့ ကိုယ့်ရဲ့ Vocabulary Range က နည်းနေသေးတာကိုး။ အကျဉ်းချုပ်ပြောရရင် ကိုယ့်အဆင့် ကိုယ်သိသွားတဲ့အတွက် မတန်မရာစာအုပ်ကြီးတွေလျှောက်မဖတ်တော့ဘဲ ကိုယ်နဲ့ကိုက်တဲ့ စာအုပ်တွေပဲ ရွေးဖတ်ပါတော့တယ်။ ကိုယ်ဖတ်တဲ့စာအုပ်တွေကို နားလည်တာများတော့ အားက အလိုလို တက်လာတယ်ဗျ။ အင်္ဂလိပ်စာအုပ်ဖတ်ရတာ ပိုကြိုက်လာတယ်။ အဲဒီကနေ တစ်ဆင့်ချင်းသွားလိုက်တာ အခုနောက်ပိုင်းတော့ စာအုပ်တော်တော်များများ ဖတ်နိုင်နေပါပြီ။ အဲဒီတော့ Placement Test ဖြေလို့ရမဲ့ နေရာတွေ ရှိရင် (ပိုက်ဆံနည်းနည်းပါးပါး ပေးရလည်း) ဖြေကြည့်ပါ။ ကိုယ့် Level ကို သိသွားရင် အင်္ဂလိပ်စာ လေ့လာရတာ ပိုပျော်စရာ ကောင်းလာပါလိမ့်မယ်။

CEFR Test

Placement Test ဖြေဖို့ မဖြစ်နိုင်သေးရင်တော့ CEFR (Common European Framework of Reference) Test ကို ဖြေစေချင်ပါတယ်။ https://www.cefrlevels.com/test/index.html မှာ ဖြေလို့ရပါတယ်။ (မိနစ် ၂၀ လောက် အချိန်ပေးနိုင်မှ သွားဖြေပါ။ လုံးဝ မ Cheat ပါနဲ့။ ကိုယ့် Level အတိုင်း အဖြေမှန်ပေါ်အောင် အမှန်အတိုင်း သိသလောက်ပဲ ဖြေပါ)။ သူ့မှာ Level ခြောက်ခုရှိပါတယ်။ A1, A2, B1, B2, C1, C2 ဆိုပြီး ရှိပါတယ်။ ကျွန်တော် နောက်ဆုံး တစ်ကြိမ်ဖြေတာတော့ C1 ရထားပါတယ်။ 2016 လောက်တုန်းကတော့ B1 လောက်ပဲရှိမယ်ထင်ပါတယ်။ Level တစ်ခုချင်းစီအကြောင်း ရှင်းပြထားတာကို ဖတ်ချင်ရင် https://www.cefrlevels.com/overview/index.html မှာ ဖတ်ပါ။ A1 သည် အနိမ့်ဆုံးဖြစ်ပြီး C2 သည် အမြင့်ဆုံး ဖြစ်ပါတယ်။ ကိုယ်က A1 အဆင့်ပဲ ရှိပြီး C1 ဖတ်သင့်တဲ့စာမျိုးတွေနဲ့ သွားလေ့လာရင် စိတ်ဓာတ်တွေ အင်မတန် ကျသွားပါလိမ့်မယ်။ ကိုယ့်အဆင့်က A1 ပဲ ဖြစ်ဖြစ်၊ B1 ပဲ ဖြစ်ဖြစ် ရှက်စရာမဟုတ်ပါဘူး။ ကိုယ့်အဆင့်ကိုယ်သိသွားရင် တိုးတက်ဖို့ လမ်းကြောင်းမှန်ပေါ် စရောက်ပြီလို့ ပြောနိုင်ပါတယ်။ ကိုယ့် Level က B2 ဆိုပါစို့။ အဲဒါဆိုရင် Google မှာ B2 Level Books ဆိုပြီး ရိုက်ရှာက E-book တွေလည်း ရှာဖွေ ဖတ်ရှုလို့ ရပါတယ်။ သို့မဟုတ် ကိုယ့်အိမ်မှာ ရှိပြီးသား အင်္ဂလိပ်စာအုပ်တွေက ဘယ်အဆင့်လဲ သိချင်ရင် အဲဒီစာအုပ်ထဲက စာတစ်ပိုဒ်ကို https://www.cefrlevels.com/textanalysis/index.html မှာ ရိုက်ထည့်ပြီး စစ်ဆေးကြည့်လို့ ရပါတယ်။ ကိုယ်ဖတ်နေတဲ့စာအုပ်ရဲ့ CEFR Level ကို သူက အနီးစပ်ဆုံး ဖော်ပြပေးပါလိမ့်မယ်။

My Telegram => https://t.me/moeshinn


My Clubhouse => https://www.clubhouse.com/@moeshinn


My YouTube => https://www.youtube.com/c/moeshinn

အခြား အသုံးဝင်မည့် Link များ

ကိုယ့် Level ကို စစ်ချင်ရင် နောက်ထပ် Level စစ်လို့ရတဲ့ လင့်လေးပါ။
https://www.oxfordonlineenglish.com/english-level-test/reading


Beginner တွေ ဖတ်လို့ရတဲ့ Stories များကို ဒီလင့်လေးမှာ ရှာနိုင်ပါတယ်။
https://learnenglish-new.com/category/english-short-stories-for-beginners/ (အခြား Level တွေအတွက်လည်း Stories တွေ ရှိပါတယ်)


ကိုယ့် Level နဲ့ ကိုက်ညီတဲ့ စာအုပ်အနည်းငယ်ရဲ့ နာမည်တွေကို ဥပမာအနေနဲ့ ကြည့်ချင်ရင် ဒီလင့်မှာ ကြည့်ပါ။
https://examenexam.com/et/en/blog/guide-with-30-books-in-english-to-learn-according-to-your-level

Leave a Comment

Your email address will not be published. Required fields are marked *