The story of

Moe Shinn

အားလုံးပဲ မင်္ဂလာပါ။

ကျွန်တော့်နာမည် မိုးရှင်းပါ။ လက်ရှိအချိန်ထိ စာအုပ် ခြောက်အုပ် ထုတ်ဝေပြီးတဲ့ စာရေးသူ တစ်ယောက် ဖြစ်ပါတယ်။ ပင်ကိုယ်ရေး သုံးအုပ် ထုတ်ဝေထားပြီး ဘာသာပြန် သုံးအုပ်ထုတ်ဝေထားပါတယ်။ စာအုပ်ထုတ်ဝေရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ယောက်ဖြစ်သလို ၂၀၁၃ ခုနှစ်ထဲက အွန်လိုင်းပေါ်မှာ စာတွေရေးလာတဲ့ ဘလော့ဂါ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၁ ထဲမှာ ပေ့ါကဒ်စ်တွေ ပုံမှန်တင်ဖြစ်ခဲ့ပြီး Podcaster တစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။

ကျွန်တော့် Podcast တွေကို နား‌ထောင်ချင်ရင်တော့ Apple Podcasts, Google Podcasts, Spotify, Anchor တို့မှာ Moe Shinn လို့ ရိုက်ပြီး ရှာနိုင်ပါတယ်။ အပတ်စဉ် Episode အသစ်တင်ပေးလေ့ရှိပြီး ကျွန်တော်ဖတ်ဖူးသမျှစာအုပ်တွေထဲက အကြောင်းအရာတွေနဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံယူချက်၊ အတွေးအခေါ်တွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

0
Books Published
0
Best Selling Books

Storyline

အထက်တန်းကျောင်းအောင်ခဲ့သည်။

ရေကြောင်းသိပ္ပံ ၂နှစ်တက်ပြီး Diploma in Nautical Studies ရခဲ့သည်။ ပင်လယ်ထဲမသွားရင် ကုန်းပေါ်မှာ ဘာမှသိပ်သုံးလို့မရသော Diploma ဖြစ်သည်။ အဆိုပါ Diploma ကလွဲ၍ ကျွန်တော့်မှာ မည်သည့်ဘွဲ့မှ မရှိပါ။

ရေကြောင်းသိပ္ပံကျောင်းဆင်းမို့ ကျောင်းပြီးရင် သင်္ဘောတန်းတက်ရမည်ထင်ခဲ့မိသည်။ သို့သော် မိမိအမြင် တက်တက်စင်အောင်လွဲခဲ့သည်။ တစ်နှစ်ခန့် သင်္ဘောကုမ္ပဏီတစ်ခုမှာ “Volunteer” ဟူသော အမည်ကို ခံယူ၍ ခိုင်းသမျှ တောက်တိုမယ်ရ အကုန်လုပ်ခဲ့ရသည်။ ထို့အပြင် အဆိုပါ ကုမ္ပဏီကို ပွဲစားခ (ရိုက်ကြေး) သိန်း ၂၀ ပေးပြီးမှ သင်္ဘောတက်ခွင့်ရခဲ့သည်။

OS (Ordinary Seaman) ရာထူးဖြင့် တစ်နှစ်ခွဲခန့် သင်္ဘောလိုက်ခဲ့သည်။ အဆိုပါရာထူး၏အောက်မှာ သင်္ဘောသံပြားပဲ ရှိပါတော့သည်။

သင်္ဘောမလိုက်ချင်တော့သဖြင့် Rocket Internet ဟုခေါ်သော နိုင်ငံခြား ကုမ္ပဏီတစ်ခုတွင် Content Writer ရာထူးဖြင့် တစ်နှစ်ခန့် လုပ်ခဲ့သည်။

Redot Network ဟုခေါ်သော ကုမ္ပဏီတစ်ခုတွင် ၆ လခန့် လုပ်ကိုင်ခဲ့သည်။ (အဆိုပါ ကုမ္ပဏီသည် နောက်ပိုင်းတွင် မြန်မာပြည်မှ ထွက်ပြေးသွားခဲ့သည်)။ ပထမလုပ်ခဲ့သော Rocket Internet ကုမ္ပဏီသည်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ မိမိမှာ ကုမ္ပဏီနှစ်ခုတွင် ဝန်ထမ်းဘဝဖြင့် ကျင်လည်ခဲ့ဖူးသော်လည်း အဆိုပါကုမ္ပဏီနှစ်ခုလုံးမှာ မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ တစ်ခုက နာမည်ကောင်းနှင့်ထွက်သွား၍ နောက်တစ်ခုကတော့ နာမည်ဆိုးနှင့် ထွက်သွားခဲ့သည်။

2015 ထဲမှာပင် Freelance Digital Marketing Consultant အဖြစ် နာမည်ကြီး ကုမ္ပဏီအချို့အတွက် လုပ်ကိုင်ပေးခဲ့သည်။

ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို နိုင်ငံခြားသားနှစ်ယောက်၏ ရင်းနှီးမြုပ်နှံမှုဖြင့် စခဲ့သည်။ Financially အရ အဆင်ပြေသော်လည်း မိမိလုပ်နေရသည့်အလုပ်နှင့် မိမိ၏ Ethic ပေတံတို့ ပွန်းတိုက်မိလာသည်ဟု ယူဆ၍ Co-founder အဖြစ်မှ နှုတ်ထွက်ခဲ့သည်။

2016 မှာ “သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့” စာအုပ်ကို ပထမဆုံး ထုတ်ဝေခဲ့ပြီး အဆိုပါနှစ်မှာပဲ “အင်္ဂလိပ်စကား အမြန်ဆုံး ပြောတတ်ဖို့” စာအုပ်ကို ထုတ်ဝေခဲ့သည်။ 2017 မှာတော့ “လက်ဆောင်” စာအုပ်ကို ထုတ်ဝေခဲ့ပြီး 2018 မှာ ပထမဆုံး ဘာသာပြန်စာအုပ်ဖြစ်သည့် “ဖာရာရီလမ်းခွဲ” စာအုပ်ကို ထုတ်ဝေခဲ့သည်။

2019 မှ စတင်၍ Alpha Books အမည်ဖြင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းလုပ်ခဲ့သည်။ နိုင်ငံခြားမှ စာအုပ်များကို Exclusive Translation Rights ဝယ်ယူကာ ဘာသာပြန် ထုတ်ဝေခဲ့သည်။ 2019 တွင် “The 1-Page Marketing Plan” ဘာသာပြန်စာအုပ် ထွက်ရှိခဲ့ပြီး 2020 တွင် “အမှောင်ထုထဲက မြစ်တစ်စင်း” ဘာသာပြန် စာအုပ် ထွက်ရှိခဲ့သည်။

ယခု About Me စာမျက်နှာကို Update လုပ်နေချိန်မှာတော့ အာဏာသိမ်းခံထားရ၍ မည်သည့်အလုပ်မှ မလုပ်ချင်ဖြစ်နေသည်။ သို့သော် တစ်ပတ်တစ်ခါ Podcast လေးတော့ ပုံမှန်တင်ဖြစ်နေသည်။

Best selling books

သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့

လက်ဆောင်

အမှောင်ထုထဲက မြစ်တစ်စင်း